Sithu Dr. Vum Kho Hau

Rate this item
(1 Vote)

စည်သူဒေါက်တာ ၀မ်ကိုဟောအား ၁၉၁၇ခုနှစ်၊ မတ်လ(၁၇)ရက်နေ့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထုတ်လိုင်ကျေးရွာတွင် မွေးဖွားခဲ့သည် ၁၉၃၇ခုနှစ်တွင် စစ်ကိုင်းမြို့ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ကာ ၁၉၃၇ မှ ၁၉၅၇ အထိ ချင်းတောင်တန်းခရိုင်ရုံး၌ အမှုထမ်းခဲ့သည်။ စစ်ရုံးဖွဲ့စည်းခဲ့သော ချင်းစစ်ဝန်ထမ်းတပ်ဖွဲ့တွင် တပ်ရေးနှင့်ထောက်လှမ်းရေးအရာရှိ၊ ဒုတိယအကြီးအကဲ၊ ချင်းတောင်တန်းခရိုင်ဝန်နှင့် ဂျပန်တော်လှန်ရေးတွင် ချင်းအမျိုးသားများကိုခေါင်းဆောင်ခဲ့သည်။၁၉၄၇ခုနှစ် ပင်လုံညီလာခံတွင် ချင်းအမျိုးသားကိုယ်စားလှယ်ခေါင်းဆောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအဖွဲ့ဝင်၊ အစိုးရအဖွဲ့၊ ချင်းရေးရာ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပြီး၊ နုအက်တလီ စာချုပ်ချုပ်ဆိုရန်အတွက် လန်ဒန်သို့ သွားရောက်ရာတွင် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် နိုင်ငံခြားရေးရာဌာန၊ ဒုတိယအတွင်းဝန်၊ သံသမန်ရေးရာ၊ ကောင်စစ်ရေးရာ၊ ကမ္ဘာကုလသမ္မဂဌာနခွဲ ဦးစီးအရာရှိ၊ ၁၉၅၅ခုနှစ်မှစပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွဲခြင်းခံရသော သံအမတ်ကြီးအဖြစ် ပြင်သစ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ သြစတေးယားနှင့် ဟန်ဂေရီနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၅ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ဒေါ်သီနာဟန် (သို့) နူးမန်ခိုကျင်း (Mang Kho Ciin) နှင့်လက်ထပ်ခဲ့ပြီး သားသမီး(၅)ယောက် ထွန်းကားသည်။

စည်သူဒေါက်တာ ဦးဝမ်ကိုဟောသည် သိက္ခာတော်ရဆရာ Rev. Za Khum & Pi Ciang Zam တို့၏ သားသမီး(၃)ဦး၊ သမီး (၄)ဦးအနက် သားကြီး သြရသဖြစ်ပြီး ၁၉၁၇ခုနှစ် မတ်လ (၁၇)ရက်နေ့၊ သန်းခေါင်ယံ မနက် 2 AM နာရီတွင် မွေးဖွားခဲ့သည်။  ဖခင်ကြီး သိက္ခာတော်ရဆရာ ဦးဇခုပ်သည် ခရစ်ယာန် ဓမ္မအမှုတော်ဆောင်တစ်ဖြစ်လည်း ကျောင်းအုပ်ဆရာကြီးတစ်ဦးလည်းဖြစ်သည်။ ဆရာကြီး ဇခုပ်၏ ကြိုးစားပန်းမှုကို ဂုဏ်ပြုသောအားဖြင့် ၁၉၃၆ခုနှစ် ဇန်န၀ါရ်ီလ (၁)ရက်နေ့တွင် Govenor of Burma H.L Stephenson K.C.S.I, K.C.I.E မှ ၄င်းအား Certificate of Good Service ဆုကို ချီးမြှင့်ခဲ့သည်။

ဖခင်ကြီး၏ အိပ်မက်။
စည်သူဒေါက်တာ ဦးဝမ်ကိုဟော၏ မိဘနှစ်ပါးမှာ ၁၉၁၆ခုနှစ်တွင် အိမ်ထောင်ပြုခဲ့ကြသည်။ ပထမသားဦးဖြစ်သော စည်သူဒေါက်တာ ဦးဝမ်ကိုဟောကို မွေးခါနီးတွင် အိပ်မက်တစ်ခုမက်ခဲ့လေသည်။ ယင်းအိပ်မက်မှာ ၄င်းတို့ ခြေရင်းအိမ်မှ U Tuang Ko Thang ၏ ဖခင်မှ အလွန်ကောင်းသော ခါးချိတ်ဓါး (Kawng Nam ၊ ချင်းရိုးရာတွင် ခါးချိတ်ဓါးသည် ယောင်္ကျားကောင်းတို့၏ အရှိမဖြစ် အသုံးအဆောင်ဖြစ်သည်) များ လာရောင်းရာ အကောင်းဆုံးဓါးတစ်လက်ဝယ်ခဲ့သည်ဟု မြင်မက်ခဲ့သည်။ ထိုကဲ့သို့သော အိပ်မက်မျိုးသည် စီးယင်းလူမျိုးတို့အတွက် အလွန်ကောင်းသော နိမိတ်ဖြစ်သည်။ ထို့ကြောင့်လည်း ဦးဝမ်ကိုဟောသည် မိမိ နာမကျန်းချိန်၊ ဆင်းရဲ ဒုက္ခရောက်ချိန်များတွင် "ငါမသေနိုင်သေး၊ ငါ... ပစ္စည်းဥစ္စာ ရှာဖွေ စုဆောင်းရဦးမယ်၊ ငါ ချမ်းသာဦးမယ်" ဟု ဖခင်ကြီး၏ အိပ်မက်ကို အောက်မေ့ကာ အမြဲခွန်အား ရမိပါကြောင်း ပြောလေ့ရှိသည်။

ပညာသင်ကြားခြင်း။
ငယ်ရွယ်စဉ်ကပင် တမူထူးခြားသည်။ အားကစားမှအစ ပညာရေးတွင် ထူးချွန်သည်။ ဖခင်ကြီးထမ်းဆောင်သော ခွာဆရွာ ABM(American Baptist) ကျောင်းတွင် ပညာစသင်ကြားခဲ့ပြီး၊ အလယ်တန်းကို တီးတိန်နှင့်ဖလမ်းမြို့များတွင်၎င်း၊ ထိုမှတစ်ဆင့် Scolarship ရရှိကာ စစ်ကိုင်းမြို့ အစိုးရအထက်တန်းကျောင်းတွင် အထက်တန်းအောင်မြင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်းတွင် အင်္ဂလိပ်၊ သမိုင်း၊ ပထ၀ီ ဘာသာရပ်များအား ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

နိုင်ငံ့တာဝန်ထမ်းဆောင်ခြင်း။
အထက်တန်းအောင်မြင်ပြီး ဖလမ်းမြို့ ချင်းတောင်တန်းဆိုင်ရာ အင်္ဂလိပ်အရေးပိုင်ရုံးတွင် ရုံးအုပ်စာရေးကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ဂျပန်စစ်ခေတ် ချင်းတော်လှန်ရေးတွင် ပါဝင်ခြင်း။
ဒုတိယကမ္ဘာစစ်ကာလ ဂျပန်စစ်ငွေ့စတင်လွှမ်းလာချိန်တွင် မြန်မာနိုင်ငံကိုလည်း ဂျပန်စစ်တပ်မှ သိမ်းစပြုလာပြီး အရေးပိုင် ဗိုလ်မှူးကြီးနေလာ (Col. Naylar CBE) နှင့် ဗိုလ်မှူး စတီဗင်ဆန် (Maj. Stevenson) တို့မှ ဦးဆောင်သော ချင်းလဲဗီး (Chin Levis) တပ်တွင် ဒေါက်တာဝမ်းကိုဟောသည် ခေါင်းဆောင်တစ်ယောက်အဖြစ် ပါဝင်ပြီး ချင်းတောင်တန်းစစ်မြေပြင် အသီးသီးတွင် တိုက်ပွဲဝင်ကာ Maj. Stevenson မှ ၁၉၄၃ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်တွင် ယာယီ စစ်ဦးစီးမှူး (Staff Major)အဖြစ် ချီးမြှင့်ခဲ့သည်။ အင်္ဂလိပ်မဟာမိတ် တပ်ပေါင်းစုကို ဦးစီးသော အရှေ့တောင်အာရှ စစ်သေနာပတိချုပ် Lord Mountbatten သည် တီးတိန်မြို့တွင် ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ်ကိုဟောအား တွေ့ဆုံပြီး အမှတ်တရဓါတ် ပုံနှင့် ငွေစီးကရက်တစ်ဗူးအား ချီးမြှင့်ခဲ့သေးသည်။ ဤနေရာတွင် နောက်ခံသမိုင်း အနည်းငယ်ရေးလိုပါသည်။ နယ်ချဲ့အင်္ဂလိပ်မှ အထက်မြန်မာပြည်ကို သိမ်းပိုက်လိုက်သောအခါ ချင်းပြည်နယ် စီးယင်း(Sizaang) ဒေသမှ သူ့ကျွန်မခံ အရှုံးမပေး တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ Sizaang နယ်သည် မျိုးချစ်စိတ်ပြင်းပြသော ချင်းတော်လှန်ရေးခေါင်းဆောင် Bo Khai Kam နှင့် တိုက်သူကြီး Pu Khup Lian (ဒေါက်တာဝမ်းကိုဟော ၏ အဖိုး) တို့ အပါအ၀င် သူရဲကောင်းများပေါက်ဖွားရာ ဘူမိသန်အောင်မြေအဖြစ် အစဉ်အလာ ကြီးမားသော ဒေသဖြစ်ရာ Sir. George White, V.C Commander in Chief of upper Burma field Force မှ "သူတိုက်ဖူးသမျှ တိုက်ပွဲအားလုံးတွင် ရင်ဆိုင် တိုက်ခိုက်ရန် အခက်ခဲဆုံးသော ရန်သူများဖြစ်သည် (The most difficult enemy to see or hit ever fought ) ဟု အင်္ဂလိပ် စစ်သမိုင်းတွင် မှတ်တမ်းတင်ခဲ့သည်။ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲကာလတွင် Victoria Cross (V.C) ချီးမြှင့် ခံရသူ နှစ်ဦးရှိသည်ဖြစ်ရာ တစ်ဦးမှာ Sizaang နယ်တိုက်ပွဲတွင် ပါဝင်ခဲ့ဖူးသည်။
Ref: Chin Hills Gazzetteer Vol-1, Burma's Condtitution 1957 by Dr. Maung Maung: Page-6

သမိုင်းဝင် ပင်လုံညီလာခံ (Historic Panglong Conference) သို့တက်ခြင်း။
အမိမြေမှ ဖက်ဆစ်ဂျပန်တို့ကို တွန်းလှန်တိုက်ခိုက်ခဲ့ပြီးနောက် ဗြိသိသျှ ကိုလိုနီ အစိုးရသည် မြန်မာနိုင်ငံကို ပြန်လည် သိမ်းပိုက်ကာ နယ်ချဲ့အုပ်ချုပ်ရေးစနစ်ကို ဆက်လက်ကျင့်သုံးလာရာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော တိုင်းရင်းသားလွတ်လပ်ရေးကြိုးပမ်းမှုမှာလည်း ပိုပိုကြီးထွားလာခဲ့သည်။

ဦးဝမ်ကိုဟော (Japan ခေတ် CDA Chairman) သည် စစ်ကိုင်းအစိုးရအထက်တန်းကျောင်းမှ ကျောင်းနေဖက်သူငယ်ချင်းများဖြစ်ကြသော ဗိုလ်ခင်မောင်လေး (နောက်ပိုင်း ပြည်ထဲရေးဝန်ကြီး)၊ သခင်သာခင်တို့နှင့် မြန်မာ့လွတ်လပ်ရေးအတွက် အမြဲတမ်း လှို့ဝှက်စာ ရှိခဲ့ပြီး၊ ၁၉၄၇ခုနှစ်တွင် ကျင်းပမည့် ပင်လုံညီလာခံသတင်းကို ကြိုတင်သိနှင့်ထားပြီးဖြစ်သည်။ထို့အပြင် ယင်းညီလာခံသို့ တက်ရောက်မည့် ချင်းတောင်တန်းဒေသဆိုင်ရာ အင်္ဂလိပ်အရေးပိုင် De Glaville မှ ရွေးချယ်မည့် ကိုယ်စားလှယ်များမှာ အင်္ဂလိပ်အလိုတော်ရှိ တိုက်သူကြီး (Chief) များသာဖြစ်မည်။ မိမိအား ကိုယ်စားလှယ်အဖြစ်မှ ရွေးချယ်မည်မဟုတ်ကြောင်း ကြိုတင်ရိပ်မိသောကြောင့် မိမိဒေသတွင်ဖွဲ့စည်းထားသော The Siyin War Councilနှင့် ညှိနှိုင်းဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်နှင့်တွေ့သောအခါ . . .
၁) ဖက်ဆစ်အစိုးရ၏ လက်အောက်တွင် ပါဝင်သော CDA, BDA နှင့် မျိုးချစ်တပ်မတော်သားများအား အင်္ဂလိပ်အစိုးရ ပြန်ဝင်လာသောအခါ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေနှင့် ဒါဏ်စီရင်ခြင်းအပေါ် ခေါင်းဆောင်တစ်ဦးအနေနှင့် တယ၀န်ရှိသဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်ပင်ကာ ၄င်းအကျဉ်းသားများအား ပြန်လည်လွတ်မြောက်ရေး။
၂။ ၁၉၄၄ ခုနှစ် ကိုယ်ထူကိုယ်ထစနစ်ဖြင့် စတင်ဖွင့်လှစ်သော ထုတ်လိုင်အထက်တန်းကျောင်းကို အစိုးရ အထက်တန်းကျောင်းအဖြစ် အသိပြုနိုင်ရေး ဟူသော အချက်(၂)ချက်တင်ပြရန် စီးယင်းစစ်ကောင်စီနှင့် ချင်းအမျိုးသား လွတ်လပ်ရေးအဖွဲ့ကိုယ်စားပြုကာ မိမိစရိတ်ဖြင့် ပင်လုံသို့ သွားခဲ့ခြင်းဖြစ်သည်။

ဦးဝမ်းကိုဟောသည် ရရှိသောအခွင့်အရေးကို တန်ဖိုးရှိစွာ အသုံးချပြီး ချင်းတောင်တန်းဒေသဆိုင်ရာ အင်္ဂလိပ်အရေးပိုင် De Glaville မှ စေလွှတ်သော တိုက်သူကြီး Chief Hlur Hmung (Falam),Chief Thawng Za Khup (Tedim), Chief Kio Mang (Hakha) တို့နှင့် ပင်လုံညီလာခံတွင် ကြိုတင်တွေ့ဆုံ ညှိနှိုင်းကာ ဖဆပလ ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၏ စီစဉ်ပေးခြင်းအရ ကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးခွင့် ရရှိခဲ့သည်။ ချင်းကိုယ်စားလှယ်(၃)ဦးမှာ ဘာသာစကားခက်ခဲမှုကြောင့် သူတို့၏ကိုယ်စား ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ညစာစားပွဲတွင် မိန့်ခွန်းပြောခဲ့ရသည်။
Ref1: 2/10/1943 နေ့ Lt. Col. Stevenson (S.C.A.O) Chin Hills & O.C Chin wage. S.E.A Commander ၏ အမိန့်စာ။
Ref2:မြန်မာ့ဆိုရှာလစ်လမ်းစဉ်ပါတီ ဌာနချုပ်မှ ထုတ်ဝေသော တိုင်းရင်းသားလူမျုးများ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း စာမျက်နှာ ၂၆၉။

ပင်လုံစာချုပ်မူကြမ်း။
ဖဆပလ ဥက္ကဌ တာဝန်ပေးချက်အရ ပင်လုံစာချုပ်မူကြမ်းကို
1) U Sang Sam (B.A) - Shan
2) Maj. Shan Lung- Kachin
3) ဦးဝမ်းကိုဟော(ချင်းတော်လှန်ရေးခေါင်းဆောင်) တို့မှဦးဆောင် ကနဦးရေးဆွဲခဲ့ပြီး၊
4) ဦးစောစံထွန်း
5) ဦးစောရွှေသိုက်
6) ဦးဒူးဝါးဇော်လွန်း
7) ဦးကြာပု
8) ဦးလဗန်ဂရောင် တို့နှင့် ညှိနှိုင်းအတည်ပြုခဲ့ပါသည်။

ယင်းမူကြမ်းတွင် ရှမ်းနှင့်ကချင်ကိုယ်စားလှယ်များ၏ လိုလားချက်အရ ပြည်နယ်ရရှိရေးနှင့် ခွဲထွက်ပိုင်ခွင့်ရရှိရေးတို့ ပါရှိသဖြင့် ဗိုလ်ချုပ်နှင့် ညှိနှိုင်းမရပဲ ဆွေးနွေးပွဲ ပျက်ပျယ်မည့် အခြေအနေ ဆိုက်ရောက်လာသည်။ ယင်းအခြေအနေအထားအား "တောင်တန်း မြေပြန့် ဆွေးနွေးပွဲ ပျက်ပြီ၊ ဗိုလ်ချုပ် ပြန်တော့မယ်" ဟု မှတ်တမ်းတင်ထားသည်ကိုလည်း တွေ့ရှိနိုင်သည်။ ညှိနှိုင်းဆွေးနွေးပွဲ ပျက်သွားပြီဟူသော သတင်းသည် တောမီးပမာ တမဟုတ်ခြင်း ပျံ့နှံ့သွားကာ ပွဲခင်းထဲရှိ ကြားရသူတိုင်း လှုပ်ရွရွဖြစ်ကုန်ကြ၏။ နယ်ချဲ့စေပါးများမှာမူ အောင်ပွဲခံနေကြ၏။ ထိုသို့ ဦးဝမ်းကိုဟောဦးဆောင်သော ချင်းကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးပွဲ အပျက်မခံနိုင်။ချင်းတို့အနေနှင့် . . .
(၁) မြန်မာပြည်မှ ဘဏ္ဍာရေးအကူအညီအား ဗြိတိသျှတို့ထက် ပိုရန်။
(၂) စီးပွားရေးနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီပေးရန်။
(၃) ချင်းလက်နက်ကိုင် တပ်ရင်းများ ဆက်လက်တည်တံ့ရန် စသည်တို့သာ အဓိကထား တင်ပြသည်။

ဗိုလ်ချုပ်နှင့် ဦးဝမ်ကိုဟောတို့ နှစ်ကိုယ်ကြား ဆွေးနွေးကြရာဝယ် ကျေနပ်ဖွယ်ရာ အဖြေကို ရရှိပြီးဖြစ်သည်။ ချင်းပြည်နယ် တည်ထောင်ရေးကို စုံစမ်းရေးကော်မရှင်(သို့မဟုတ်) တိုင်းပြုပြည်ပြုလွှတ်တော်ကျမှ စဉ်းစားဆုံးဖြတ်ကြရန် သဘောတူပြီးဖြစ်နေသည်။ သို့ဖြစ်၍ ချင်းကိုယ်စားလှယ်များအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပေပြီ။ ချင်းတို့၏ သဘောထားကို ဦးဝမ်ကိုဟောက မိုင်းပွန်စော်ဘွား စပ်စံထွန်းအား ပြောပြသောအခါ ချင်းတို့အနေနှင့် အလောတကြီး လက်မှတ်မရေးထိုးကြရန်နှင့် ကချင်တို့ တက်ရောက်မည့် အစည်းအဝေးတွင် တင်ပြရှင်းလင်းရန် တောင်းပန်တားဆီးခဲ့သည်။ ထိုအခြေအနေရောက်မှ ဦးဝမ်ကိုဟောသည် ကိုယ်စားလှယ်အဖွဲ့တွင ပြန်လည် ညှိနှိုင်းသောအခါ သဘောတူညီမှုရရှိပြီး ပင်လုံစာချုပ်ကြီး ချုပ်ဆိုနိုင်ခဲ့သည်။
Ref5:18/3/1955 နေ့ထုတ် ကြေးမုံသတင်းစာပါ တက္ကသိုလ်နေ၀င်း(ဗိုလ်ချုပ်အောင်ဆန်း၏ ကိုရေးအရာရှိ) နှစ်(၅၀)ပြည့် ရွှေရတု တပ်မတော်နေ့အကြို "တပ်မတော်နှင့် ချင်းတိုင်းရင်းသား လူငယ်များ" ဆောင်းပါး။
Ref6:မြန်မာ့ သမိုင်းဖြစ်ရပ်မှန် ရေးသားရေးအဖွဲ့က စီစစ်ပြီး ဥိးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသန်းလှိုင်တို့က ပြုစုသော တိုင်းရင်းသားလူမျိုးများနှင့် ၁၉၄၇ အခြခံဥပဒေ ပထမတွဲ-စာမျက်နှာ ၂၅၅။

ပင်လုံစာချုပ် လက်မှတ်ရေးထိုးခြင်း။
ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ မူရင်းပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သူ ချင်းကိုယ်စားလှယ်များမှာ အင်္ဂလိပ်နယ်ခြားအုပ်ချုပ်ရေးဌာနမှ စေလွှတ်သော U Hlur Hmung (Falam), U Thawng Za Khup (Tedim), U Kio Mang (Hakha) တို့ဖြစ်ကြသည်။ အထူးတင်ပြလိုသည်မှာ ဦးဝမ်းကိုဟောသည် အင်္ဂလိပ်လက်အောက်တွင် တာဝန် ထမ်ဆောင်ဆဲ ဖြစ်သောကြောင့်တင်းကျပ်သော ၀န်ထမ်းစည်းမျဉ်းအရ ၁၉၄၇၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းမရှိခဲ့ပါ။ ဗိုလ်ချုပ်အောင်ဆန်းမှ ဦးဝမ်းကိုဟော အနေဖြင့် လက်မှတ်ရေးထိုးပါက အစိုးရ(အင်္ဂလိပ်) အမှုထမ်းအဖြစ်မှ နှုတ်ထွက်ခြင်းမရှိသေးသောကြောင့် အရေးယူခံရမည်ဖြစ်၍ ၀န်ထမ်းအဖြစ်နှုတ်ထွက်ပြီး၊ ဒုတိယအတိုင်ပင်ခံ (ချင်းရေးရာဝန်ကြီး) အဖြစ် အရွေးခံပြီးမှ လက်မှတ်ရေးထိုးရန် အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြခံဥပဒေ ရေးဆွဲစဉ်ကာလကလည်း လွတ်လပ်ရေးကြိုးပန်းမှုတွင် ပါဝင်သော ပုဂ္ဂိုလ်အသီးသီးအား ဂျော့ဝါရှင်တန်က ခွင့်ပြုထားသကဲ့သို့ ယခုပင်လုံစာချုပ်ကိုလည်း အချိန်မရွေး လက်မှတ်ရေးထိုးနိုင်ကြောင်း  အကြံပြုလမ်းညွန်ထားသည်။ ထိုသို့ ချင်းတောင်တန်း အရေးပိုင်ရုံးမှ နှုတ်ထွက်၍ ၁၅/၃/၁၉၄၇ နေ့တွင်  ဗိုလ်ချုပ်အောင်ဆန်း၏ ဒုတ်ယ အတိုင်ပင်ခံ ၀န်ကြီး(ချင်းရေးရာဝန်ကြီး)အဖြစ် ရွေးချယ်ခန့်အပ်ခြင်း ခံရပြီး မတ်လ (၂၀) ၁၉၄၇ နေ့တွင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်ထံ၌ လက်မှတ်ရေးထိုးခဲ့သည်။

တက္ကသိုလ်နေ၀င်း (ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအရာရှိ)က ဖေဖော်ဝါရီ(၁၂)၊ ၁၉၉၅နေ့ထုတ် ကြေးမုံသတင်းသာ "၄၈နှစ်မြောက် ပြည်ထောင်စုနေ့ ပင်လုံရှုခင်း"ေ ဆာင်းပါးတွင် ကျွန်တော်ကိုယ်တိုင် ဗိုလ်ချုပ်ထံတွင်ရှိသော ပင်လုံစာချုပ် လက်မှတ်ရေးထိုးသူများ စာရင်းတွင် ဦးဝမ်းကိုဟော (ချင်းတော်လှန်ရေးခေါင်းဆောင်) ၏ အမည်ကို တွေ့ရှိကြောင်း ထည့်သွင်းဖော်ပြခဲ့ပါသည်။

ဦးဝမ်းကိုဟော ချင်းရေးရာဝန်ကြီးဖြစ်လာသောအခါ U Thawng Cin Thang (အနောက်ပိုင်းတိုင်းမင်းကြီး)အား ဦးဝမ်းကိုဟော၏ ကိုယ်ရေးအရာရှိနှင့် အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။

ပင်လုံစာချုပ်ချုပ်ဆိုပြီးသည့်အခါ ဦးဝမ်းကိုဟောတင်ပြခဲ့သည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းကလဲ အစိုးရအဖွဲ့အာဏာဖြင့် ထောင်ဒါဏ်တစ်သက်တစ်ကျွန်းခံရသူများကို အလျှင်အမြန် လွတ်ငြိမ်းချမ်းသာခွင့်ရအောင် ချက်ချင်းဆောင်ရွက်ပေးသည့်အပြင်၊ မျက်နှာဖြူနယ်ခြားအုပ်ချုပ်ရေးဝန် အရေးပိုင် De Glanville အား ပင်လုံညီလာခံအပြီး (၅)ရက်အတွင်း ရာထူးမှရပ်ဆဲလိုက်သည်။ ထို့ပြင် မိမိရွာဖြစ်သော ထုတ်လိုင် (Old Fort White) နယ်တွင် ကိုယ်ထိုကိုယ်ထ တည်ထောင်ခဲ့ပြီး၊ ဖက်ဆစ်ဂျပန် အစိုးရလက်လက်ကတည်းက အသိအမှတ်ပြုခြင်းခံရသော အထက်တန်းကျောင်းကို နိုင်ငံတော်အစိုးရ အသိအမှတ်ပြုကျောင်းအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုချက်ကိုလည်း ဗိုလ်ချုပ်မှ ချက်ချင်းအသိအမှတ်ပြုပေးခဲ့ခြင်းမှာ ပင်လုံစာချုပ်မှ ရလဒ်များ ပင်ဖြစ်သည်။
Ref7: ဦးအုန်းဖေ(ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဝင်ဟောင်း)၏ ပင်လုံစစ်မှတ်တမ်း စာမျက်နှာ ၄၄၄-၄၄၅
Ref8: မြန်မာ့ သမိုင်းဖြစ်ရပ်မှန် ရေးသားရေးအဖွဲ့က စီစစ်ပြီး ဥိးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသန်းလှိုင်တို့က ပြုစုသော တိုင်းရင်းသားလူမျိုးများနှင့် ၁၉၄၇ အခြခံဥပဒေ ပထမတွဲ-စာမျက်နှာ ၂၇၀-၂၇၁။
Ref9:18/3/1955 နေ့ထုတ် ကြေးမုံသတင်းစာပါ တက္ကသိုလ်နေ၀င်း(ဗိုလ်ချုပ်အောင်ဆန်း၏ ကိုရေးအရာရှိ) နှစ်(၅၀)ပြည့် ရွှေရတု တပ်မတော်နေ့အကြို "တပ်မတော်နှင့်
ချင်းတိုင်းရင်းသား လူငယ်များ" ဆောင်းပါး။
Ref10:မြန်မာ့ သမိုင်းဖြစ်ရပ်မှန် ရေးသားရေးအဖွဲ့က စီစစ်ပြီး ဥိးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသန်းလှိုင်တို့က ပြုစုသော တိုင်းရင်းသားလူမျိုးများနှင့် ၁၉၄၇ အခြခံဥပဒေ ပထမတွဲ-စာမျက်နှာ ၂၈၁၊ ၂၈၆၊ ၂၈၇။
Ref11: Burma the struggle for independence 1944-48, Vol:11, by Hugh Tinker, assisted by Adrew Griffin, London:H.M.S.O, 1983-1984, Page: 461

နိုင်ငံ့ကိုယ်စားဆောင်ရွက်ချက်များ။
(က) တောင်တန်းစုံစမ်းရေး ကော်မရှင်တွင် ပါဝင်ခြင်း။
ပြည်နယ်၊ ပြည်မပူးပေါင်း၍ လွတ်လပ်ရေးအရယူရန် ပင်လုံညီလာခံတွင် သဘောတူညီကြသော်လည်း အင်္ဂလိပ်အစိုးရက ပြန်လည်ချေဖျက်နိုင်လိမ့်မည်ဟု ယုံကြည်သဖြင့်(ကြိုတင်ပြင်ဆင်မှု) Lt. col. Rees William ခေါင်းဆောင်သော တောင်တန်းဒေသ စုံစမ်းရေး ကော်မရှင် (Frontier Area Inquiry Commission) တစ်ရပ် ဖွဲ့စည်းရတွင် အဖွဲ့ဝင်များအဖြစ် မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း(ရှမ်း)၊ ဆမာဒူးဝါး ဆင်ဝါနောင် (ကချင်)၊ ဦးဝမ်းကိုဟော(ချင်း)၊ စောစံကေး(သံလွင်ခရိုင် ကိုယ်စားလှယ်၊ KNU အဖွဲ့) နှင့်ဗမာကိုယ်စားလှယ်များ ပါဝင်ကြသည်။ ကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ပြည်မ ပူးပေါင်း၍ လွတ်လပ်ရေးရရှိကြခြင်းဖြစ်သည်။

(ခ) ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြခံ ဥပဒေ ရေးဆွဲရာတွင် ပါဝင်ခြင်း။
၁၉၄၇ ပင်လုံညီလာခံ ဆုံးဖြတ်ချက်များအရ လွတ်လပ်ရေးရရှိရေးအတွက် အခြေခံဥပဒေ ရေးဆွဲရာတွင် ဥက္ကဌ- ဗိုလ်ချုပ်အောင်ဆန်း၊ ဗဟိုကောင်မတီ၌ ချင်းကိုယ်စားလှယ်အဖြစ် (၁) ဦးဝမ်းကိုဟော (၂) ဦးဆ၀စ် (၃) ကပ္ပတိန် မန်တုန်းနုန်း တို့ပါဝင်ပြီး နိုင်ငံတော်သီချင်းနှင့် နိုင်ငံတော်တံဆိပ် ကော်မတီတွင် ဦးဝမ်းကိုဟောလည်း တစ်ဦးသီခအဖြစ်ပါဝင်သည်။ ၄င်းကော်မတီမှ စပ်ဆိုထားသော သီချင်းကို ယခုတိုင်အောင် နိုင်ငံတော် သီချင်းအဖြစ် အသုံးပြုဆဲဖြစ်သည်။ ထို့ပြင် အခြခံဥပဒေ အချောကိုင် ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။
Ref12: မြန်မာ့ဆိုရှာလစ် လမ်းစဉ်ပါတီ ဌာနချုပ်မှ ထုတ်ဝေသော တိုင်းရင်းသားလူမျိုးများ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း စာမျက်နှာ ၂၂၉။
Ref13: နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအဖွဲ့  ပြန်ကြားရေးဝန်ကြီးဌာန စာနယ်ဇင်းလုပ်ငန်းမှ " ဂုဏ်ပြုခံ ပင်လုံ(သို့) ပြည်ထောင်စု၏ နှလုံးသားနှင့် လက်ရွေးစင်ဆောင်းပါးများ စာမျက်နှာ ၄။
Ref14:မြန်မာ့ သမိုင်းဖြစ်ရပ်မှန် ရေးသားရေးအဖွဲ့က စီစစ်ပြီး ဥိးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသန်းလှိုင်တို့က ပြုစုသော တိုင်းရင်းသားလူမျိုးများနှင့် ၁၉၄၇ အခြခံဥပဒေ ပထမတွဲ-စာမျက်နှာ ၄၆၉၊ ၅၇၁၊ ၇၃၉၊ ၇၄၀
Ref15: ဦးဖေခင်၏ ကိုယ်တွေ့ပင်လုံ စာမျက်နှာ ၁၃၉။

(ဂ)ဘုန်ဒုန်းညီလာခံ(၁၀)နှစ်မြောက်သို့ တက်ရောက်ခြင်း။
၁၉၆၃ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသော ဘုန်ဒုန်းညီလာခံ(၁၀)နှစ်မြောက် အထမ်းအမှတ်ပွဲတွင် မြန်မာနိုင်ငံ ၀န်ကြီးချုပ် ကိုယ်စား တက်ရောက်မိန့်ခွန်း ပြောခဲ့သည်။

(င) အင်ဒိုနီးရှားနိုင်ငံအား ကုလသမ္မဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်ဝင်ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်း။
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ကုလသမ္မဂအဖွဲ့ဝင်နိုင်ငံမှ နှုတ်ထွက်ပြီးနောက် Dutch အစိုးရနှင့် အကြီးအကျယ် ပဋ္ဋိပက္ခဖြစ်ပွားကာ၊ အင်ဒိုနီးရှားခေါင်းဆောင် ဒေါက်တာ မူဟာမက်ပါတားနှင့် ၀န်ကြီးချုပ် တန်စီးယားတို့အား Dutch အစိုးရမှ ဖမ်းဆီးသည်ကို ဦးဝမ်းကိုဟောမှ သတင်းကြားကြားချင်း ၀န်ကြီးချုပ်ဦးနုထံတင်ပြ၍ အာရှအရေးပေါ်အစည်းအဝေးခေါ်ယူပြီး Dutch အစိုးရအား ရှုံ့ချကာ အင်ဒိုနီးရှားခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာခဲ့၏။ ထို့အပြင် ဦးဝမ်းကိုဟော နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ယူထမ်းဆောင်စဉ်က ခင်မင်ရင်းနှီးခဲ့သော ဦးသန့် (UN Secretary) နှင့် တိုင်ပင်ကာ အင်ဒိုနီးရှားအား ကုလသမ္မဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ၀င်ရောက်နိုင်ရန် ဆောင်ရွက်ခဲ့သည်။
Ref: People's Literature Committee and House မှ ထုတ်ဝေသော Who's who in Burma (1964) Page-43

နိုင်ငံတော်မှ ဂုဏ်ပြုခြင်း။
(က) စည်သူဘွဲ့ရရှိခြင်း
ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရမှ ဦးဝမ်းကိုဟောအား ၁၉၄၈ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက်နေ့ လွတ်လပ်ေးနေ့တွင် "စည်သူဘွဲ့" ကို ချီးမြှင့်ကြောင်း ထုတ်ပြန်ခဲ့သည်။

(ခ) ၀မ်းကိုဟောစစ်ကြောင်းဖြင့် ဂုဏ်ပြုခြင်း။
၁၉၆၉ခုနှစ် နိုင်ငံတော်မှ မန္တလေးမြို့တွင် ကျင်းပသော (၂၂) ကြိမ်မြောက် ပြည်ထောင်စုနေ့ လူထုအစည်းအဝေးကြီးတွင် ၁၉၄၇ ပင်လုံညီလာခံကြီး၌ အဓိက ပါဝင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများကို
ဂုဏ်ပြုသောအားဖြင့်
(၁) အောင်ဆန်းစစ်ကြောင်း
(၂) ၀မ်းကိုဟော စစ်ကြောင်း
(၃) စပ်စံထွန်း စစ်ကြောင်း ဟူ၍ စစ်ကြောင်း(၃)ကြောင်းဖြင့် ပြည်သူလူထု ၃သိန်းကျော်ချီတက်ကာ ဂုဏ်ပြုခဲ့ကြပါသည်။

(ဂ) နိုင်ငံ့ဂုဏ်ဆောင် ပထမအဆင့်ရရှိခြင်း။
ပြည်ထောင်စု မြန်မာနိုင်ငံ မြန်မာ့ဆိုရှာလစ် လမ်းစဉ်ပါတီ အစိုးရမှ ချီးမြှင့်သော နိုင်ငံ့ဂုဏ်ရည် ပထမအဆင့် ရရှိသော ချင်းလူမျိုးထဲတွင်
(၁) ဦးဝမ်းကိုဟော (ပထမဆုံး ချင်းဝန်ကြီး)
(၂) ဦးလွမ်းပုံ (U Lun Pum) (လယ်ယာမြေ၀န်ကြီး)
(၃) ဦးထန်ခိုလျှံ (ချင်းရေးရာဦးစီးအဖွဲ့- ဥက္ကဌ)
(၄) ဦးကီယိုမန်း (U Kio Mang) (ပင်လုံညီလာခံ ကိုယ်စားလှယ်)
(၅) ဦးထပ်လိုင် (U That Lai) (လွှတ်တော်ကိုယ်စားလှယ်) တို့ဖြစ်ကြသည်။

နိုင်ငံတော် သံအမတ်ကြီးအဖြစ် ထမ်းဆောင်ခြင်း။
၁၉၄၇ခုနှစ် လွတ်လပ်ရေး ရရှိပြီး၊ ချင်းရေးရာဝန်ကြီးအဖြစ်မှ အနားယူသည့် အချိန်တွင် နိုင်ငံခြားရေးဝန်ကြီးနေရာ၌ ဒုတိယ အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ကုလသမ္မဂဆိုင်ရာ ဌာန၊ နိုင်ငံတကာ ရေးရာဌာန၊ သံသမန်ရေးရာဌာနတို့တွင် အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၅ခုနှစ်တွင် နိုင်ငံတော်မှ စေလွှတ်သည့် သံအမတ်ကြီးအဖြစ် ပြင်သစ်၊ နယ်သာလင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ချက်ကိုစလိုဗီးယား၊ သြစသြီးယားနှင့် ဟန်ဂေရီနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်ကာ ၁၉၇၅ခုနှစ်တွင် အနားယူခဲ့သည်။

စာပေလောက လှုပ်ရှားမှုများ။
၁၉၃၈ ခုနှစ်တွင် Chin Hills Education Uplidt Society တွင် Co-Founder အဖြစ် တာဝန်ယူခဲ့ခြင်းကြောင့် စာပေဘက်တွင် ပိုမိုစိတ်ဝင်စားလာခဲ့ပြီး၊ စီးယင်းဒေသတွင် ကိုယ်ထူကိုယ်ထ ကျောင်းထူထောင်နိုင်ရန် ကြိုးစားခဲ့သည်။ သုတေသီ တစ်ဦးလည်းဖြစ်၍ Magazine, စာစောင်၊ သတင်းစာများတွင် ဆောင်းပါးများစွာ ရေးသားခဲ့သည့်အပြင် ဒေါက်တာမောင်မောင်(နိုင်ငံတော် သမ္မတဟောင်း နှင့် ပူးပေါင်းကာ ၁၉၅၃ ခုနှစ်တွင် The Guardian Pree သတင်းစာတိုက်ကိုလည်း တည်ထောင်ခဲ့သည်။ ၄င်းရေးသားပြုစုသော Profile of a Burma Frontier Man စာအုပ်သည် ကမ္ဘာကျော်၍ နိုင်ငံအသီးသီးရှိ တက္ကသိုလ်၊ ကောလိပ်များသို့ လှူဒါန်းခဲ့သည်။ ချက်ကိုစလိုဗီးယားနိုင်ငံ Charles University Prague မှ ယင်းစာအုပ်ဖြင့် Ph.D ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမျြင့်ခဲ့သည်။ Yale University, History of Department တွင် ယင်းစာအုပ်ကို Oriental Studies အဖြစ် အသုံးပြုရန် ပြဌာန်းထားသည်။ USA New York, Pleasantville တွင်ရှိသော The Reader Digest magazine တိုက်မှ ဒေါက်တာ ဦးဝမ်းကိုဟော၏ ပုဂ္ဂိုလ်ရေးစွမ်းဆောင်ချက်များကို လေးစားသောအားဖြင့် ၁၉၅၅ခုနှစ် ပြင်သစ်နိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှစ၍ Life Member, Life Free Subsription တစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့သည်။
Ref: Yale University, South East Asia Studies New Heaven, Connecticut 06520 မှ HARRY J. BENDA, Professor of History Department ၏ November 13, 1963 Personal Letter.
Ref:The British Ministerial Steering Cimittee for the World War II Commenmoration ၏ 3rd April InvitationLtter

နိုင်ငံတကာမှ ဂုဏ်ပြုခြင်း။
(က) ကမ္ဘာ့စွမ်းဆောင်ရှင် လူ၅၀၀၀ တွင် တစ်ဦးအဖြစ်ပါဝင်ခြင်း။
The American Biographical Institute မှ ထူးခြားသော ကမ္ဘာ့ပုဂ္ဂိုလ်များ၏ နိုင်ငံရေး၊ စစ်ရေး၊ စာပေနှင့် စွမ်းဆောင်မှုကို ဂှုဒေါင့်ပေါင်းစုံ သုတေသနပြုလုပ်၍ ကမ္ဘာ့နိုင်ငံ အသီးသီးမှ လူ(၅၀၀၀)ရွေးချယ်ရာတွင် အမှတ်စဉ် (၁၅)ဖြင့် ရွေးချယ်ခြင်းခံရပြီး၊ ၁၉၉၆ ခုနှစ်တွင် Diploma of Culture ဘွဲ့ကို ချီးမြှင့်ခြင်းခံရသည်။

(ခ) နှစ်(၅၀) ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း။
၁၉၉၅ခုနှစ် သြဂုတ်လတွင် ဗြိတိသျှအစိုးရမှ ဦးစီးကျင်းပသော နှစ်(၅၀) ပြည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ အထိမ်းအမှတ် (The 50th Anniversary of the end of world war II and V.J (Victoria of Japan) အောင်ပွဲအခမ်းအနား၊ လန်ဒန်မြို့သို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံခဲ့ရသည်။ ဂျပန်စစ်အတွင်း အင်္ဂလိပ်စစ်တပ်နှင့် ပူးပေါင်း၍ သက်စွန့်ဆံဖျား တိုက်ပွဲဝင်ခဲ့ကြသော BDA, BIA တပ်မှ စစ်မှုထမ်း(၃)ဦးဖြစ်ကြသည့်
(၁) ဗိုလိမှူးချုပ် စောကြာဒူး
(၂) ဦးဝမ်းကိုဟော (ချင်းတော်လှန်ရေးခေါင်းဆောင်)
(၃) ရဲဘော် အိုင်ဗင်ကင်းတို့ကို ဖိတ်ကြားခဲ့သည်။
ဤသို့ Field Marshal Sir. Peter ခေါင်းဆောင်သော ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဒုတိယ ကမ္ဘာစစ်အတွင်း ပါဝင်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းများအား ဂုဏ်ပြုသည့် အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုခံခဲ့ကြသည်။

နိုင်ငံတော် လုပ်ကြံမှု အရေးခင်းမှ သီသီလေး လွတ်မြောက်ခြင်း။
၁၉၄၇ခုနျစ် ဇူလိုင်လ (၁၉) ရက်နေ့ နိုင်ငံတော် လုပ်ကြံမှုကြီးသည် စစ်ပြီးခေတ် မြန်မာ့သမိုင်းတွင် မြန်မာ့ကံကြမ္မာကို အခြခံမှအစ အပြောင်းလဲသွားစေသော၊ အလွန်အရေးကြီးသည့် သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခုဖြစ်ပေသည်။ အင်္ဂလိပ်နယ်ချဲ့နှင့် တိုင်းရင်းသား သစ္စာဖောက် ဂဋ္ဋုန်ဦးစောတို့ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့်နေ့တွင် ဦးဝမ်းကိုဟောလည်း ထိုအစည်းအဝေးခမ်းမတွင် တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတက်ရောက်နေစဉ် တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးမှ ကိစ္စ(Kandah) တစ်ခုပေါ်လာ၍ ဗိုလ်ချုပ်အောင်ဆန်းထံတွင် ခွင့်ပန်၍ အစည်းအဝေးခမ်းမမှ ထွက်လာသည့် မိနစ်ပိုင်းတွင် နိုင်င်ငံတော် လုပ်ကြံမှုကြီးဖြစ်ပွားရာ ဦးဝမ်းကိုဟောသည် သေဘေးမှ သီသီကလေး လွတ်မြောက်ခဲ့ရသည်။

နောက်ဆုံးအချိန် (ဘုန်းတော်ဝင်စားခြင်း)
အသက်ကြီးလာသည်ဖြစ်၍ ပထမအကြိမ် ၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်မှ ဖေဖော်ဝါရ်ီလ(၅)ရက်နေ့ထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်၎င်း၊ ဒုတိယအကြိမ် ၂၀၀၆ခုနှစ် မတ်လ (၅) ရက်မှ (၇) ရက်နေ့အထိ ဆေးရုံတက်ခဲ့ရသည်။ ဆက်လက်၍ ဖခင်ကြီးကို နေအိမ်မှာပင် ပြုစု ကုသရင်း ဇူလိုင်လ (၂၂)ရက် နံနက် ၁၁း၀၀ တွင် ဘုန်းတော်ဝင်စားသွားပါသည်။

Contributed by: Pu Ngin Do Pau
Edited by: Pu Thang Za Dal (Germany)
Word Processing: Thawngno

ဤစာကို စာရေးသူ ဦးငင့်ဒိုပေါင်ထံမှ ရရှိခြင်းဖြစ်ပြီး၊ Website တင်ရာတွင် ပေါ့သွားရန် ပြန်ရိုက်ခြင်းဖြစ်သည်။
Original Scan ဖြင့်လည်း https://nikonghong.wordpress.com/2013/06/12/vumkohau/ တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

Zaangsi Seino

Last modified on Friday, 29 April 2016 02:21
Seino Research

This is notes for admin of Sizaangseino.org.

Login to post comments